ချစ်တာ ချစ်ပါ။ အချစ်ကို ဘယ်လိုချစ်ကြမလဲ။
သမီးရည်းစား အချစ်၊ လင်မယားအချစ်က
တဏှာပေမအချစ်တဲ့။ သားချစ်၊ သမီးချစ်က
ရော ဖြူစင်တဲ့အချစ်လို့ပြောကြသည်။
၁၅၀၀ အချစ်က ကိလေသာအချစ်ဆိုရင်
၅၂၈ အချစ်က ကိလေသာမပါတဲ့အချစ်လို့
အမည်ပေးရမလား။ အဲ နောက်ထပ်ရှိသေးသဗျို့
၉၇၂ ဆိုလား။ ၁၅၀၀ ထဲ ၅၂၈ ကိုနုတ်ပြီး
ရလားတဲ့ဂဏန်း ကြတော့ ၉၇၂ ကိုဘယ်လိုအမည်
ပေးရပါ့။ ချဲဂဏန်းတွေဆိုပြီးလည်း အပြီးပေါက်
အောင်းမေ့ပြီး ထိုးမနေကြနဲ့အုံးနော်။
မေဆွိ ဆိုထားတဲ့ ၉၇၂ သီချင်းတော့ကြားဖူးတယ်။
ဘာတဲ့...
”၁၅၀၀ မေတ္တာ နွံနစ် မဆင်းဝံ့ပါဘူး မချစ်ဝံ့ပါဘူး”
”ကျွန်မ ချစ်တာ ၉၇၂....”
၁၅၀၀ အချစ်နဲ့လည်း မချစ်ဝံ့ဘူးတဲ့။ ၅၂၈ ထက်
လည်းပိုပါတယ်တဲ့။ သူ့အချစ်က ၉၇၂ တဲ့ဗျို့။
တေးရေးဆရာ၊ အဆိုတော်များ ကြံကြံဖန်ဖန်
စိတ်ကူးတတ်ကြပါ့။ မိဘက သားသမီး ကိုချစ်တဲ့
အချစ် မှာ ချစ်တာမမှားစေချင်ပါဘူး။ အမေ၊
အဖေ၊ အဖေကြီးနှင့် အမေကြီးတို့က ချစ်သည့်
အခါမှာ အချစ်မှားသဖြင့် မိမိတို့ သားသမီးမြေးမြစ်
တို့ လမ်းကြောင်းမှားသို့ ပို့မိသလိုဖြစ်တတ်သည်။
ကျွန်တော် မိတ်ဆွေရဲ့ သားလေး ၃တန်းကျောင်းသားဖြစ်သည်။ ခွေးစုတ်ဖွားလေးလိုချင်တယ်လို့
သူ့အမေကို ပူဆာသည်။ အမေက သားကို အလို
လိုက်ကာ ခွေးစုတ်ဖွား နို့စို့အရွယ်ခွေးကလေး
တစ်ကောင်ဝယ်ပေးသည်။ ထိုစုတ်ဖွားခွေးလေးများက အလွန်ဂရုစိုက်ရသည်ဆိုသည်။ သူတို့
ခွေးပေါက်လေးမွေးသည့်ရာသီက တပေါင်းလဆန်းဆိုတော့ ရာသီက နေ့ပူပြီး ညမှာအေးသည်။
ခွေးပေါက်လေးကိုနို့ဖျော်တိုက်သည်။ ခွေးလေးက တအီအီဖြင့် ညည်းသည်။ သူ့အမွှေးများနဲ့ နေ့အခါရာသီပူ၍ထင်သည်ရက်အနည်းငယ်မှာပင် သေဆုံးသွားသည်။
ခွေးပေါက်လေးသေသွား၍ သားဖြစ်သူကငို
လေသည်။ ထိုအခါ မိခင်က ငါ့သားလေး
မငိုနဲ့နော် အမေနောက်တစ်ကောင်ထပ်ဝယ်ပေး
မည်ပြောကာ တစ်ကောင်ထပ်၍ဝယ်သည်။
ထိုခွေးလေးသည်လည်း ပထမတစ်ကောင်နည်းတူ
သေးသေးလေးဖြစ်သည်။ ၇၀၀၀၀ ကျပ်ပေး၍
အမေဖြစ်သူက ဝယ်ပေးပြန်သည်။ ကျွန်တော်က
မနေနိုင် မထိုင်နိုင်သွားပြောမိသည်။
”နင်တို့ဟာ သားသမီးအလိုလိုက်တာ ကြည့်လုပ်ပါ
ဒီခွေးလေးတွေက အမွှေးထူမျိုးဆိုတော့ ပူတဲ့ရာသီ
မကြိုက်ဘူးထင်တယ်။ တို့်တိုက်ခန်းတွေက
ကျဉ်းလို့ လူတွေနဲ့တောင်ပြည့်နေတာ ဒီစုတ်ဖွားခွေး
လေး ဘယ်လိုနေနိုင်မှာလည်း။ အလကား
အကုသိုလ်ကို ငွေနဲ့ပေးမဝယ်စမ်းချင်ပါနဲ့”
”အံမလေး ကျုပ်တို့အိမ်က အဲယားကွန်းတပ်ထား
တာ ကျုပ်တို့မွေးနိုင်ပါတယ် ”
ကျွန်တော်လည်း ပြောပြီးမှ ကိုယ့်ကိုကိုယ်
ဘရိတ်အုပ်ကာ အသာလစ်လာရသည်။
ညအချိန် ၁၁နာရီခန့်တွင် တအီအီ ညည်းသံကြား
ရသည်။ ရာသီကပူလာ၍ အိပ်မပျော်သည့်ကြား
ထိုတအီအီအသံကြောင့် အိပ်မရတော့ပေ။
နောက်ဖေးဝရံတာသို့ ထွက်ကြည့်သည့်အခါ
ကျောချင်းကပ်တိုက်ခန်းမှ အမျိုးသမီးတစ်ဦး
ကလည်း ထွက်အကြည့်နှင့်ဆုံသည်။ ထိုအမျိုးသမီးက သူမလည်း တအီအီအသံကြောင့် အိပ်မရ၍
ထွက်ကြည့်ခြင်းဖြစ်ကြောင်းပြောသည်။
ထိုတအီအီခွေးမှာ ကျွန်တော် ပြောခဲ့သည့်အောက်
ထပ်အခန်းမှာ ခွေးပိုင်ရှင်မိသားစုဖြစ်သည်။
သူတို့က ခွေးစုတ်ဖွားကို ဝရံတာအပြင်ထုတ်ကာ
ထား၍ အိပ်ကြသည်။ အိမ်နီးချင်း များက
ထိုခွေးတအီအီအသံကြောင့်အိပ်မရကြတော့ပေ။
မနက်မိုးလင်းသောအခါ ထိုခွေးစုတ်ဖွားလေးမှာ
ရှေ့တစ်ကောင်နည်းတူ သေသွားပြန်ပါတော့သည်။
ခွေးပိုင်ရှင်မိသားစုလည်း နောက်ထပ်တစ်ကောင်
ထပ်ဝယ်ကြအုံးမလားဟုတွေးရင်း သူ့များ
အကုသိုလ် ကိုယ့်အကုသိုလ်မဖြစ်အောင်
နေမှပါဟု တွေးရင်း ပါးစပ်ကို ဘရိတ်အုပ်
နေရပါအုံးမည်။ ထီရောင်းလှည်းမှ ဇော်ဝင်းထွဋ်၏
သီချင်းသံက နားသို့တိုးဝှေ့လာသည်။
”ဒါဟာ အချစ်တဲ့လား.....
အဲ့ဒါအချစ်တဲ့လား....
ဒါများ အချစ်တဲ့လားကွယ်......”
@htwegyi
Image credit
MSC.036